ချစ်ကဗျာ

Friday, January 28, 2011

မြန်မာဇာတ်ကားတွေ ကမ္ဘာကျော်ဖို့က ရင်းနှီးမြှုပ်နှံမှု၊ ပံ့ပိုးမှုလိုသလို လူတစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေ လိုတယ် လူမင်း






ဂျူမုံနဲ့ လီဟားနား မြန်မာနိုင်ငံကို ရောက်တော့ မြန်မာပရိသတ်တွေ အုတ်အော်သောင်းတင်း အားပေးကြတာ တွေ့ရတယ်လေ။ ဒါက သူတို့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုရမယ်။ အဲဒီ့ဟာကို လေးစားရမယ်။ တစ်ချိန်တည်းမှာပဲ သရုပ်ဆောင်ချင်း အတူတူ ကိုယ်တို့တွေလည်း သူတို့တွေလို ဘယ်လိုလုပ်ကြမလဲ။ အားလုံးဝိုင်း စဉ်းစားကြဖို့ လိုပါတယ်။

နောက်ပြီး ဒီလိုမြန်မာပရိသတ်တွေ ကိုရီးယားဇာတ်ကားတွေ ကြိုက်နှစ်သက်ပြီး ကိုရီးယားသရုပ်ဆောင်တွေကိုပါ ကြိုက်နှစ်သက်ကြတယ်ဆိုတော့ ကျွန်တော်တို့ မြန်မာဇာတ်ကားတွေလည်း ပရိသတ်ကြိုက်အောင် ဘယ်လိုလုပ်ကြမလဲ။ လူတိုင်းပြောနေကြသလို တိုးတက်ဖို့၊ International ဖြစ်အောင်လို့၊ ဈေးကွက်ဝင်အောင်လို့၊ ကိုရီးယားလိုဖြစ်အောင်လို့ လက်တွေ့လုပ်ရင် ဖြစ်မယ်။

ဥပမာဆိုရင် ရင်းနှီးမြှုပ်နှံမှုပေါ့။ ဇာတ်လမ်းတွဲတစ်ခုကို တင်းပြည့် ကျပ်ပြည့်ဖြစ်အောင် ပိုက်ဆံထုတ်ပြီး ရိုက်နိုင်မယ်ဆိုရင် ဒါရိုက်တာတွေ၊ သရုပ်ဆောင်နိုင်မယ့် သရုပ်ဆောင်တွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိတယ်။ အဓိက ရင်းနှီးမြှုပ်နှံမှုပဲ။ မရင်းနိုင်တဲ့အတွက် မဖြစ်လာတာ။ တစ်နေ့နေ့ တစ်ချိန်ကျရင် သူတို့လိုဖြစ်အောင် ကျွန်တော်တို့လည်း မျှော်လင့်ချက်တစ်ခုလိုမဟုတ်ဘဲ ယုံကြည်ချက်လေးတစ်ခု ကျွန်တော့်စိတ်ထဲမှာ ချထားတာရှိပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ့။

လုပ်နည်းလုပ်ဟန်လေးတွေ လိုအပ်တာပေါ့။ ဥပမာ ကိုရီးယားပွဲတော်မှာ ဂျူမုံလာမယ် ဆိုတဲ့အတွက် မြန်မာပြည်မှာရှိတဲ့ ကိုရီးယားသံရုံးက ကိုယ်တို့လို မြန်မာပြည်မှာရှိတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ၊ အနုပညာရှင်တွေ အားလုံးလာအောင် ဖိတ်ပေးနိုင်တယ်။ သူတို့တွေ အောင်မြင်ကျော်ကြားတယ်ဆိုတာ အလကားတော့ မဟုတ်ဘူး။ အားလုံးကြိုးစားကြရတယ်။ ကိုယ်တို့ဆီက လူတွေက ပေါ့ကြတယ်။

ဂျူမုံဆိုရင် မြန်မာနိုင်ငံရောက်တုန်းက ပြောသွားတယ်။ ရေကူးကန်မှာရိုက်ရမယ့် အခန်းဖြစ်တဲ့အတွက် သူ Body လှအောင် (၈)လလုံးလုံး လေ့ကျင့်ခဲ့ရတယ်တဲ့။ အဲဒီ့လိုမျိုး ကျွန်တော်တို့ဆီမှာရှိတဲ့ သရုပ်ဆောင်တွေအကုန်လုံး ဘယ်သူမှမလုပ်နိုင်ဘူး။ အဲဒီတော့ မမီဘူးဆိုတာကလည်း ခုနကပြောသလို ရင်းနှီးမြှုပ်နှံမှုတွေရော လူတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုတွေရော လိုအပ်သေးတယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment