ချစ်ကဗျာ

Saturday, January 29, 2011

မနက်မိုးလင်းရင် အမြဲတမ်းလုပ်နေကျက Facebook မှာ ကျွန်တော့်ကို အားပေးနေတယ်ဆိုတဲ့ စာတွေကို ဖတ်လိုက်တာပါပဲ စိုင်းစိုင်းခမ်းလှိုင်







မေ - ဒိုးဇာတ်ကား ရိုက်ခဲ့တုန်းက စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိခဲ့သေးလား။

ဖြေ - မရှိပါဘူး။ ကျွန်တော် ဇာတ်လမ်းပေါ်မှာပဲ လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့ပါတယ်။

မေး - တချို့တွေက Sai Sai ကို အဆိုတော် တစ်ယောက်အဖြစ်ပဲ လက်ခံချင်ကြတယ်။ သရုပ်ဆောင်အဖြစ် သိပ်သဘော မတွေ့ကြဘူးနော်။

ဖြေ - အဲဒါကတော့ ကျွန်တော် ညံ့ရင် ညံ့တဲ့အတိုင်း ပရိသတ်က တုံ့ပြန်မှာပဲ။ ကောင်းရင်လည်း ကောင်းတယ်လို့ လက်ခုပ်တီးကြမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။

မေး - ဒီနှစ်ထဲမှာ သီချင်းတွေ လုပ်ထားတာ ရှိသေးလား။

ဖြေ - သီချင်းတွေက ရေးပါတယ်။ မပြီးသေးပါဘူး။

မေး - Sai Sai ရေးတဲ့ သီချင်းတွေ ပုံစံပြောင်းလာသလိုပဲနော်။

ဖြေ - ဟုတ်ကဲ့။ အမြဲတမ်း ဒီတစ်ခုတည်းချည်းပဲတော့ ဘယ်ကောင်းမလဲဗျာ။ အနုပညာဖန်တီးမှုဆိုတဲ့ အရာကိုက ပုံစံတူတွေ ထုတ်လုပ်တာမှ မဟုတ်တာ။ တစ်ခုနဲ့တစ်ခု မတူကွဲပြားခြားနားတဲ့ အနုပညာလက်ရာ ဖန်တီးမှသာလျှင် အရသာရှိတာကိုး။

မေး - မိုးရွက်ရိပ်ခိုမှာ သုံးထားတဲ့ ဇာတ်ဝင်သီချင်းကိုလည်း Sai Sai တော်တော်ကြိုက်ပုံ ရတယ်နော်။

ဖြေ - အဲဒီ့သီချင်းနာမည်က I Love You လို့ ခေါ်ပါတယ်။ မိုးရွက်ရိပ်ခို ရိုက်တဲ့အချိန်မှာ ကျွန်တော် အဲဒီ့လို အချစ်သီချင်းရေးဖို့ တစ်ပတ်လောက် ကြိုးစားပြီးရေးတာ ဘယ်လိုမှ ရေးလို့မရဘူး။ အဲဒါနဲ့ မိုးမိုးကို ရေးခိုင်းလိုက်တာ။ သူကတော့ ချက်ချင်းကို ရေးတာ။ ကျွန်တော်ဆိုထားတဲ့ အချစ်သီချင်း မထွက်တာ တော်တော်ကြာပြီဗျာ။ ခု ဒီနောက်ဆုံး Latest ဖြစ်တဲ့ သီချင်းမို့ ကြိုက်လို့ ဖုန်းထဲမှာ ထည့်ထားဖြစ်တာပါ။

မေး - နောက်ထွက်မယ့် Single ခွေထဲမှာ အဲဒီ့သီချင်း ပါလာနိုင်လား။

ဖြေ - Single ခွေထွက်ဖို့ ရှိတယ်။ သီချင်းမပြီးသေးလို့။ ဒါပေမဲ့ ဇာတ်ဝင်သီချင်းကိုတော့ Single ခွေထဲမှာ ထည့်မှာမဟုတ်ဘူး။ ရုပ်ရှင်ဇာတ်ဝင် သီချင်းတွေချည်းပဲ သီးသန့်တစ်ခွေထုတ်ဖို့ Frenzo Production က စီစဉ်နေပါတယ်။

မေး - Sai Sai ရဲ့ Frenzo Production ကထုတ်တဲ့ အခွေတွေက တစ်ခုခုထူးခြားမှုကို ပေးတယ်လို့ လွှမ်းပိုင်တို့ Banny Phyo တို့က ပြောတယ်။

ဖြေ - လွှမ်းပိုင်တို့ ဘန်နီတို့က သီချင်းအရေးကောင်း၊ အဆိုကောင်းတဲ့ လူငယ်တွေဗျ။ သူတို့တော်တဲ့အတွက် သူတို့ကို ကျွန်တော် လေးလည်းလေးစားတယ်။ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ရှိတယ်။ သူတို့ကိုယ်၌က ကျွန်တော့်ရဲ့ Frenzo Production ကို ယုံယုံကြည်ကြည် လေးလေးစားစား ရှိတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။

မေး - လာမယ့် မွေးနေ့ကျရင် ဘယ်လိုထူးထူးခြားခြား လုပ်ဦးမှာလဲ။

ဖြေ - အချိန်နည်းနည်း လိုသေးတယ်။ ပြောဖို့ စောပါသေးတယ်ဗျာ။

မေး - မိုးရွက်ရိပ်ခိုထဲမှာ မိုးက ငယ်ငယ်ကတည်းက Sai Sai ပေါ်မှာ အနစ်နာခံတဲ့ ဇာတ်ရုပ်လေးတွေ ထည့်ပြရင် ဇာတ်ကားက ပိုပြီး ကြည့်လို့ကောင်းသွားမှာလို့ ပြောကြတယ်။

ဖြေ - ဇာတ်ကားထွက်လာရင်တော့ အဲဒီလိုမျိုး ကောင်းမွန်တဲ့ အကြံမျိုးလေးတွေ ပြန်ကြားရတတ်ပါတယ်။ ဒါပေမဲ့ ရိုက်တဲ့အချိန်တုန်းကတော့ ဒါရိုက်တာရဲ့ ညွှန်ကြားမှုအောက်မှာပဲ သရုပ်ဆောင်ပီပြင်အောင် လုပ်ခဲ့ကြတာလေ။ ခုလိုမျိုး ဝေဖန်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ပြောတယ်ဆိုကတည်းက သူက ဒီဇာတ်လမ်းကို သေသေချာချာ ကြည့်ပြီးမှပြောတာပါ။ အဲဒီလို ဝေဖန်သံတွေကို အမြဲကြိုဆိုပါတယ်။

မေး - Sai Sai သီချင်းတွေကို လူရွှင်တော်တွေက ထည့်ပြီးပြက်လုံးလုပ်တဲ့အခါ ဘယ်လိုခံစားရလဲ။

ဖြေ - ပျော်တာပေါ့။ သီချင်းမအောင်မြင် မကျော်ကြားဘဲနဲ့ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်တွေကလည်း ဖွင့်မှာမဟုတ်သလို ပရိသတ်ကလည်း လိုက်ဆိုမှာမဟုတ်ဘူး။ ရုပ်ရှင်တွေ သဘင်တွေမှာလည်း အသုံးပြုမှာမဟုတ်ဘူး။

မေး - စာအုပ်တွေဖတ်ပြီး စိတ်ကူးထဲမှာ ရုပ်ရှင်ရိုက်လေ့ရှိလား။

ဖြေ - တချို့ ရုပ်ရှင်ရိုက်လို့ သင့်တော်တဲ့ဟာတွေဆိုရင်တော့ စိတ်ကူးထဲမှာ ရိုက်ဖြစ်ပါတယ်။ စာကတော့ အစုံဖတ်ပါတယ်။ တစ်ခုမဟုတ် တစ်ခုတော့ ဖတ်နေတာပဲလေ။ ရွေးထားတဲ့ဇာတ် ဝယ်ထားတာတွေလည်း ရှိတယ်။ လွန်းထားထားရဲ့ ၁၂ ကြိုးကဝေကိုလည်း ရှေ့လထဲမှာ ရိုက်ဖို့ရှိတယ်။ မင်းခိုက်စိုးစံရဲ့ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်လည်း ရိုက်ဖို့ရှိတယ်။ နောက်ထပ် ဝယ်ထားတာတွေလည်း ရှိပါတယ်။

မေး - ပရိသတ်ကို ပြောချင်တဲ့စကား။

ဖြေ - ကျွန်တော် မနက်မိုးလင်းရင် အမြဲတမ်းလုပ်နေကျက Facebook မှာ ကျွန်တော့်ကို အားပေးနေတယ်ဆိုတဲ့ စာတွေကိုဖတ်တာပဲ။ ဒါတွေက ကျွန်တော့်အတွက် အားအင်တွေပဲ။ အဲဒီ့လို အမြဲတမ်း အားပေးနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

No comments:

Post a Comment