ချစ်ကဗျာ

Wednesday, January 19, 2011


နေတိုးနှင့်တွေ့ဆုံခြင်း

၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီခန့်မှန်းချက်တွေလည်း ဟိုတစ်စဒီတစ်စ ကြားလာရချိန်မှာ မင်းသားထဲက နေတိုးက ထိပ်ဆုံးကရှိနေပြီး မြင့်မြတ်ကတော့ သူနဲ့ကပ်လိုက်နေတာ တွေ့လာရပါတယ်။ နေတိုးရဲ့ဇာတ်ကားတွေက ၂၀၀၉ ခုနှစ်မှ ၆ ကားရှိခဲ့ပြီး ကာရိုက်တာလည်းစုံလို့ သူပိုပြီး အကယ်ဒမီဆုရှင် ဖြစ်နိုင်ခြေများနေတယ်လို့ ယေဘုယျ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။ ထင်ကြေးနဲ့ဆုရှင် တစ်ထပ်တည်းဖြစ်မဖြစ်က လာမယ့်ရက်ပိုင်းအတွင်း အဖြေထွက်တော့မှာပါ။

ကြိုးကြာတောင်ပံခတ်သံကို ချင်းတောင်မှာ သွားရိုက်ရတော့မယ်လို့သိသိချင်းမှာ ဘယ်လိုအချက်ကို သွားပြီးစဉ်းစားမိလဲ။

ကျွန်တော် အရင်တုန်းကရိုက်ခဲ့တဲ့ ဆရာဝန်ဇာတ်ရုပ်တွေ အများကြီးရှိတယ်။ ရှေးတုန်းက ရိုက်ခဲ့တဲ့ ကားတွေကျတော့ ဆရာဝန်ကာရိုက်တာတစ်ခုကနေ ပူးကပ်တာပေါ့။ ဒီဟာကျတော့ ဆရာဝန်ကာရိုက်တာတစ်ခုပေါ်မှာ ချင်းတောင် လတ်ငြိမ်းရဲ့ဘ၀ကို အတတ်နိုင်ဆုံးပေါ်အောင် တစ်ကားလုံးကို တည်ဆောက်ရတော့ ဒီကားက ပိုပြီးလေးနက်မှုရှိတယ်။ ပရိသတ်ကိုပိုပြီးတော့ ရသကို လေးလေးနက်နက် ပေးနိုင်စွမ်းရှိတယ်လို့ထင်တယ်။

ချင်းတောင်ကိုသွားရတဲ့ ခရီးလမ်းတစ်လျှောက်က ကြမ်းတမ်းတယ်လေ။ ခရီးလမ်းကြမ်းတမ်းမှုကို အရင်က ကြိုတင်တွေးထားမိလား။

ကျွန်တော် မန္တလေးကနေ ကလေးကို ကားနဲ့သွားပါတယ်။ အဆင့်ဆင့်သွားရတယ်။ ဦးမောင်တို့က အရင်သွားနှင့်တယ်။ ကျွန်တော်က နိုင်ငံခြားခရီးစဉ်ရှိနေလို့ နည်းနည်းနောက်ကျနေတယ်။ တစ်ညအိပ်တောင်ပေါ်ခရီးကို ကျွန်တော်က ညဘက်ကြီး လိုက်သွားရတာ။ ကြမ်းတမ်းမှုတွေ၊ ခက်ခဲမှုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်က ရခိုင်ဆိုတော့ ရေလမ်းခရီးရဲ့ကြမ်းတမ်းမှုတွေကိုတော့ အတွေ့အကြုံရှိခဲ့တာပေါ့။ ဒါပေမဲ့ တောင်ပေါ်ဒေသတွေကိုသွားရတဲ့ ကြမ်းတမ်းမှုကတော့ ပိုပြင်းထန်တာပေါ့။ ဒါပေမဲ့ ဘယ်လောက်ပဲ လမ်းခရီးကြမ်းတမ်းပါစေ။ ကျွန်တော်တို့လိုချင်တဲ့ ဇာတ်ကောင်ရဲ့မုဒ်ရအောင်၊ တကယ့်ဒေသအမှန်ဖြစ်တဲ့ ဆရာလင်္ကာရည်ကျော်ရဲ့ ၀တ္ထုအပေါ်မှာကြိုက်ပြီး အရမ်းလည်း အလေးအနက်ထားတယ်။ ဦးမောင်ကလည်း ဒီဒေသအမှန်ကိုသွားရိုက်မယ်။ ဒေသခံတွေနဲ့ ထိတွေ့ခွင့်၊ နွေးထွေးမှုကိုယူပြီးမှ ဇာတ်လမ်းကိုကြွအောင် ပြန်လုပ်မယ်ဆိုတော့ ကျွန်တော်တို့ပြန်ကြည့်မိတဲ့ အချိန်မှာလည်း တကယ်ပဲ မျှော်လင့်တဲ့အတိုင်း ကျေနပ်မှုကိုရပါတယ်။

ချင်းတောင်မှာ အစားအသောက်လည်းရှားပါးတော့ အစ်ကိုတို့ ဟိုမှာ နေထိုင်စားသောက်ရတာ စိတ်ညစ်တာမျိုးဖြစ်ခဲ့လား။

အစားအသောက်ကတော့ အကုန်လုံး အဆင်ပြေအောင် ကျွန်တော်တို့ကို ဆောင်ရွက်ပေးပါတယ်။ ရောက်ဖို့ခဲယဉ်းတဲ့ဒေသကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ မမျှော်လင့်နိုင်တဲ့ ကြိုဆိုမှုတွေရှိတာကို ကျေနပ်မိတယ်။ ခုချိန်ထိလည်း မမေ့ပါဘူး။ အခက်အခဲဆိုတာတော့ အနည်းနဲ့အများ ရှိခဲ့ပေမယ့် ဒါတွေကိုကျော်လွှားနိုင်ခဲ့တာ တိုင်းရင်းသားတွေရဲ့ နွေးထွေးပျူငှာမှုတွေကြောင့်ပါ။

တိုင်းရင်းသားတွေက အစ်ကို့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဆက်ဆံခဲ့တာလား။

သူတို့တွေက ရိုးရှင်းပါတယ်။ ရိုးရှင်းပြီး ဘာအရောင်မှမရှိတဲ့ လူတွေကြားထဲကို ကျွန်တော်တို့ရောက်သွားခဲ့တဲ့အခါ သူတို့ရဲ့ရိုးသားမှုက ကိုယ့်ဆီကို ပူးကပ်လာတယ်။ ကျွန်တော့်ရဲ့ပင်ပန်းမှုတွေကိုတောင် ပြေပျောက်သွားစေနိုင်ပါတယ်။ ကျွန်တော်သွားရိုက်ခဲ့တဲ့ ဖလမ်းဒေသမှာ စိတ်ကျေနပ်မှု၊ နွေးထွေးမှု၊ ဒီကားအတွက် လိုချင်တဲ့ ကာရိုက်တာပိုင်းရော အကုန်ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ကားဆိုရင် မမှားပါဘူး။

အကယ်ဒမီပွဲတက်ဖို့အတွက် ဘာတွေပြင်ဆင်နေပြီလဲရှင့်။

အကယ်ဒမီတက်ဖို့ ပြင်ဆင်ဖို့က ယောကျာ်းလေးတစ်ယောက်အတွက်ကတော့ ပြင်ဆင်စရာ ဘာမှသိပ်မရှိပါဘူး။ အဓိကက တိုက်ပုံချုပ်တာတို့၊ ပုဆိုးချုပ်တာတို့ပေါ့။ အဲဒါတွေကို ရွှေပိုးအိမ်က စပွန်ဆာပေးထားပါတယ်။ ဒီဇိုင်နာကတော့ ကျွန်တော့်ရဲ့ဒီဇိုင်နာ ဆွိအန်စမတ်က ကိုမိုးထက်စံပါပဲ။

အကယ်ဒမီခရီးစဉ်အတွက် ဘယ်လိုရေးဆွဲထားပါသလဲ။ အဖွဲ့တွေစုသွားကြမှာလား။

တချို့ကျတော့လည်း ရန်ကုန်မှာမရှိဘူး။ အဖွဲ့ရယ်လို့တော့ မဟုတ်ပါဘူး။ အားလုံးက သူငယ်ချင်းတွေလို ဖြစ်နေကြတော့ အဓိကက သူငယ်ချင်းတွေလည်းပါမယ်။ တစ်ချိန်တည်းတော့ သွားကြမှာပေါ့။ ကားတစ်စီးတည်းတော့ မဟုတ်ပါဘူး။

၂၀၀၉ မှာ အစ်ကို့ရဲ့ဇာတ်ကား ခြောက်ကားရှိခဲ့တယ်။ ခြောက်ကားလုံးဟာ ဇာတ်ကောင်လည်းစုံတယ်။ ဟာသရော ဒရာမာတွေပါမျှတယ်။ ဒီတော့ အစ်ကို့ရဲ့ အကယ်ဒမီရင်ခုန်သံလေး သိပါရစေ။

မာမီရှိန်းကတော့ ကျွန်တော့်အတွက် ခက်ခဲတဲ့အရာတစ်ခုကို စလုပ်တဲ့ကားလို့ပြောရမယ်။ မိန်းမတောင်မှ မိန်းမကြီးတစ်ယောက်ပေါ့။ ဦးစားပေးရတာတော့ အသံပေါ့လေ။ အသံနဲ့ရုပ် တစ်ထပ်တည်းကျအောင်လုပ်ပြီး ပြောရတဲ့အခါ တော်တော်လေးလည်း စိတ်ထဲမှာ Tension တွေရှိခဲ့တယ်။ မာမီရှိန်းအရွယ်ရှိတဲ့ သရုပ်ဆောင်မိန်းမကြီးတွေ ဥပမာ ဒေါ်နွဲ့နွဲ့စန်းကားတွေကြည့်ပြီး လေ့လာခဲ့ရတယ်။ ကာရိုက်တာနှစ်ခုကို ကွဲအောင်လုပ်ဖို့က ဒါရိုက်တာရဲ့ပံ့ပိုးမှု၊ ၀တ်စားဆင်ယင်မှုအပိုင်းတွေလည်း အများကြီးယူခဲ့ရပါတယ်။ ပရိသတ်အားပေးထားတဲ့ ကားတစ်ကားဖြစ်တဲ့အခါကျတော့ အဲဒီကားပေါ်မှလည်း ကျွန်တော်မျှော်လင့်ပါတယ်။ အကယ်ဒမီမျှော်လင့်ချက် ဒီလိုအကယ်ဒမီအချိန်မှာ ကိုယ့်ကားလေးတွေအပေါ်မှာ ပြန်စဉ်းစားသုံးသပ်မိတာမျိုးတော့ ရှိပါတယ်။ အကယ်ဒမီဆိုတာက ကျွန်တော်တို့ အနုပညာရှင်တွေ အမြဲတမ်းမျှော်လင့်တဲ့ ဆုလာဘ်တစ်ခုပါ။ ဒီနှစ်အကယ်ဒမီမှာတော့ ကျွန်တော့်ရဲ့ကားတွေလည်း များတဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့မျှော်လင့်ချက်က အကောင်အထည်ပေါ်နိုင်တဲ့ နှစ်လည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အကယ်ဒမီအပေါ် ယုံယုံကြည်ကြည်နဲ့ မျှော်လင့်နေတာမျိုးမဟုတ်ဘူးဆိုရင်တောင်မှ အကယ်ဒမီရင်ခုန်မှုတော့ ရှိပါတယ်။ ပရိသတ်တွေရဲ့စိတ်ထဲမှာလည်း ကျွန်တော့်ကို ရစေချင်တဲ့စေတနာရှိတာကို တွေ့ရ၊ ကြားရတဲ့အတွက် ကျွန်တော်ကျေနပ်ပါတယ်။

No comments:

Post a Comment